ကလေးမြို့တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ကျရောက်မှုကြောင့် ပြည်သူ သုံးဦး သေဆုံးခဲ့ရ

4 months ago

ဖေဖော်ဝါရီ ၂၃
ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ကျရောက်မှုကြောင့် ပြည်သူ သုံးဦး သေဆုံးပြီး လေးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း CNO/CNDF (UCR) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက် ည ၇:၃၀ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ခဲ့ခြင်းကြောင့် မွန်းလိုင်ရပ်ကွက်နေ U Lal Nun Thar နှင့် အစ်မဖြစ်သူ Mai Than Cuai ၊ ဆယ်ကျော်သက် အမျိုးသမီးငယ် Mai Monica တို့ သေဆုံးခဲ့ရကာ အခြားပြည်သူ လေးဦးမှာ ဒဏ်ရာပြင်းထန် ရရှိခဲ့ကြောင်း သိရသည်။
“လက်နက်ကြီး နှစ်လုံးကျတယ်။ တိုက်ပွဲက မြို့ပြင်မှာဖြစ်တာ။ ရမ်းသမ်းပစ်တာ။ သေဆုံးသူတွေက အိမ်မှာပဲ ရှိနေကြတာပေါ့။ သေဆုံးသူတွေက ကျား အသက် ၅၀၊ မ အသက် ၆၅ သူတို့ မောင်နှမတွေ။ သူတို့အိမ်ရှေ့က မ အသက် ၁၆ နှစ်လည်း ဆုံးတယ်။ သူ့ညီမ ၁၀ နှစ်ကောင်မလေးက ဒဏ်ရာပြင်းထန်တယ်။ သေဆုံးသူ ကျားရဲ့ မိန်းမနဲ့ သုံးနှစ်သမီးလည်း ဒဏ်ရာပြင်းထန်တယ်” ဟု CNO/CNDF (UCR)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက ပြောသည်။
ယင်းအပြင် မြောက်ချောတောရွာတွင်လည်း လက်နက်ကြီးကျ‌ရောက်ခဲ့သည့်အတွက် အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်ရွယ်ရှိ အမျိုးသမီးငယ်နှစ်ဦးတို့ ခြေထောက်နှင့် ခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။