ကလေးမြို့တွင် အကြမ်းဖက်စစ်တပ်က လူရှိနေသော ပြည်သူ့နေအိမ်များအထိ ပစ္စည်းဝင်လု

4 months ago

“အိမ်ထဲမှာ ကလေးအမေနဲ့ သားနဲ့သမီးက ပုန်းနေကြရတာ။အခြားအိမ်တွေက လူတွေကိုလည်း အပြင်ထွက်ခဲ့ဆိုပြီး မှောက်ခိုင်းထားတာ။ တန်ဖိုးကြီးတာ အကုန်ယူသွားကြတယ်”
ကလေး ဒေသခံ
=========
မတ် ၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက မြို့တွင်းရှိ လူနေထိုင်နေသော ပြည်သူနေအိမ်များအထိ ဝင်ရောက်ကာ ပစ္စည်းများ လုယက်ခဲ့ကြောင်း သိရသည်။
“အိမ်ထဲမှာ ကလေးအမေနဲ့ သားနဲ့သမီးက ပုန်းနေကြရတာ။အခြားအိမ်တွေက လူတွေကိုလည်း အပြင်ထွက်ခဲ့ဆိုပြီး မှောက်ခိုင်းထားတာ။ တန်ဖိုးကြီးတာ အကုန်ယူသွားကြတယ်”ဟု ကလေးဒေသခံ တစ်ဦးက ပြောပြခဲ့သည်။
ယင်းသို့ နေအိမ်ထဲ ဝင်ရောက်လုယက်ခြင်းအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ ကလေးစက်မှုဇုန်နှင့် လူနေရပ်ကွက်များအတွင်း လုယက် သောင်းကျန်းခဲ့ကြပြီးနောက် ယင်းနေရာမှ ပြန်ပြေးသွားကြကြောင်း သိရသည်။
“အဲဒီကောင်တွေ အင်အား ၆၀ လောက် ရှိတယ်။ အခြားနေအိမ် ဆယ်အိမ်လောက်က လူတွေကိုလည်း ထွက်ခဲ့ဆိုပြီး အပြင်မှာ မှောက်ထားခိုင်းတယ်။ ဖုန်းနဲ့ တန်ဖိုးရှိတာတွေ အကုန်ယူသွားကြတယ်။ စစ်ရှောင်ရင် မီးရှို့မယ်လို့လည်း ပြောသွားတယ်။ သူတို့ လှိုင်သာယာ နယ်မြေ ၆ မှာ တစ်ည တပ်စွဲသွားတယ်”ဟု ယင်း ကလေးမြို့ ဒေသခံက ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ပြည်သူများ ညတွင်းချင်း ရွှေ့ပြောင်းခဲ့ရကြောင်းနှင့် အကြမ်းဖက်စစ်တပ်မှ ကလေးမြို့အား မကြာခဏဆိုသလို မီးရှို့ခြင်း၊ မီးလောင်ဗုံးများ၊ ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုံစာ – ကလေးမြို့မြင်ကွင်း။
Photo – ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ