ကရင်နီပြည် ၁၁.၁၁ စစ်ဆင်‌ရေးအတွင်း ကျဆုံးခဲ့ရသည့် KNPLF ရဲဘော် သုံးဦး၏ ဈာပနမှတ်တမ်း

7 months ago

နိုဝင်ဘာ ၁၈
ကရင်နီပြည် တပ်ပေါင်းစုများ၏ Operation 1111 စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNPLF B/9425 တပ်ရင်းမှ ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ကရင်နီ တပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၄ ရက် ည ၁၁:၁၅ နာရီခန့်တွင် လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက် အရှေ့တန်း ကာကင်းတနေရာတွင် စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေး ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KNPLF B/9425 တပ်ရင်းမှ တပ်စုမှူး ရဲဘော် သားချော၊ ဒုတပ်စိပ်မှူး ရဲဘော် ရွှေအေးနှင့် ရဲဘော် သိန်းရွှေတို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးခဲ့ရ‌ကြောင်း ဖော်ပြထားသည်။
အဆိုပါ ကျဆုံးခဲ့သော တပ်စုမှူး ရဲဘော် သားချော၊ ဒုတပ်စိပ်မှူး ရဲဘော် ရွှေအေးနှင့် ရဲဘော် သိန်းရွှေတို့၏ စျာပန အခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ၁၆ ရက်နေ့၌ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့သော Operation 1111 တွင် ကရင်နီပြည် တပ်ပေါင်းစုများဖြစ်သည့် KNPLF, KA, KNDF, DMO Local PDF, အလယ်ပိုင်းတိုင်း PDF နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသည့် နန်းမယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်တို့အား တချိန်တည်း တပြေးညီ တိုက်ခိုက်၍ စခန်းကြီးငယ်များ သိမ်းပိုက်ထိန်းချုပ်နိင်ခဲ့ပြီး လက်နက်ကြီးငယ် အမြောက်အမြား သိမ်းဆည်းရရှိခဲ့ကာ အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း တိုက်ခိုက်ရေး ဂျက်ဖိုက်တာများဖြင့် နေ့ည အဆက်မပြတ် လာရောက် ပစ်ခတ် ဗုံးကြဲလျှက်ရှိနေကြောင်း သိရသည်။