ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုများ၏ 11.11 Operation စစ်ဆင်ရေး နိုဝင်ဘာ ၁၁ ရက်တွင် စတင် စစ်ကောင်စီ တပ်စခန်း ၇ ခု အား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကာ ထိခိုက်သေဆုံးသူများပြား၊ တိုက်လေယာဉ်တစ်စီးကိုလည်း ဖျက်ချနိုင်ခဲ့

7 months ago

“Operation တွေကတော့ တစ်လှိုင်းပြီးတစ်လှိုင်း ပေါ်လာကြလိမ့်မယ်။ အတင်းအဓမ္မ အာဏာယူထားပြီး အတင်းအဓမ္မ အုပ်ချုပ်ရုံနဲ့ တိုင်းပြည်ကို ခြယ်လှယ်လို့ မရတော့ဘူး။ အာဏာရှင်တွေ ချုပ်ငြိမ်းရလိမ့်မယ်”
KNDF ဥက္ကဌ ခွန်းဘီထူး
===========
နိုဝင်ဘာ ၁၁
ကရင်နီပြည်မှ တော်လှန်ရေးတပ်ပေါင်းစုများက ၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) အမည်ရ စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်ပြီး စစ်ကောင်စီ တပ်စခန်းပေါင်း ၇ ခု အား ယနေ့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကာ စကစဘက်မှ ထိခိုက်သေဆုံးသူများပြားခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ဆင်ရေးအရ ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပြောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့ နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း ၇ ခု အား အောင်မြင်စွာ စတင်သိမ်းပိုက်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများသလို စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများလည်း အများအပြားရှိကာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခြင်းများလည်း ရှိကြောင်း၊ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ကြီး ၊ လက်နက်ငယ် မျိုးစုံ ၁၀၀ ခန့် နှင့် ခဲယမ်းကျည်ဆံများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။
“ဒီ 11.11 Operation က နွေဦးတော်လှန်ရေး စကတည်းက ပေါ်လာတဲ့အချိတ်အဆက်ပါပဲ။ အခုဆို လူတွေ အသိများတဲ့ 1027 စစ်ဆင်ရေး ဆိုလည်း ဒီစစ်ဆင်ရေးဖြစ်လာဖို့ အချိတ်အဆက်တွေပဲ ဖြစ်တယ်။ Operation တွေကတော့ တစ်လှိုင်းပြီးတစ်လှိုင်း ပေါ်လာကြလိမ့်မယ်။ အတင်းအဓမ္မ အာဏာယူထားပြီး အတင်းအဓမ္မ အုပ်ချုပ်ရုံနဲ့ တိုင်းပြည်ကို ခြယ်လှယ်လို့ မရတော့ဘူး။ အာဏာရှင်တွေ ချုပ်ငြိမ်းရလိမ့်မယ်။ ပြည်သူတွေ လိုလားတဲ့ ပြည်သူ့ ဒီမိုကရေစီ၊ နောက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပေးပြီးမှ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းအောင်၊ အားလုံးရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိအောင် ဖန်တီးနိုင်ဖို့သာလျှင် တစ်ခုတည်းသော အဖြေဖြစ်ပါတယ်။ စစ်ကောင်စီ အာဏာရှင်အောက်မှာ စစ်မှုထမ်းပြီး တိုက်ခိုက်ချေမှုန်းခံမလား၊ ပြည်သူ့ဘက်ပြောင်းပြီးမှ ကျွန်တော်တို့ရဲ့ တိုင်းပြည်ကံကြမ္မာကို ပိုကောင်းအောင် ဖန်တီးမှုတွေ လုပ်ကြမလားဆိုတာ ဒါတွေကို စဉ်းစားဖို့လိုတယ်။ ပြည်သူတွေလည်း အားမလျှော့ပါနဲ့။ အခုက အချိန်မနှောင်းသေးပါဘူး။ စစ်ကောင်စီဘက်က လူတွေ ဘက်ပြောင်းလာကြဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှ ဥက္ကဌ ခွန်းဘီထူးက ပြောသည်။
၎င်း 11.11 Operation အရ အထက်ပါ စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်ရာတွင် ဒီးမော့ဆို ၊ လွိုင်ကော် နှင့် မိုးဗြဲ အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများထဲသို့ တိုက်လေယာဉ်နှစ်စီးဖြင့် အကြိမ် (၂၀) နီးပါး လာရောက် ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့်လည်း နှစ်ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ကာ စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ်တစ်စီးအား KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့၍ မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ဖရူဆိုမြို့အတွင်း ပျက်ကျခဲ့ကြောင်းနှင့် အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။