ကရင်နီပြည်နယ်တွင် အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲ ၃၀ နီးပါး ပြင်းထန်စွာ ဖြစ်ပွား၊ စကစဘက်မှ ၄၀ ကျော်သေပြီး ထောက်ပို့ကားများလည်း ဖျက်ဆီးနိုင်ခဲ့ KNDF ရဲဘော် ၄ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရ

7 months ago

နိုဝင်ဘာ ၄
​​ကရင်နီပြည်နယ်တွင် အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းများ ဖြတ်သန်း ပို့ဆောင်ရန် အပြင်းအထန်ထိုးစစ်ဆင်နေသော ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး ၎င်းတို့၏ ထောက်ပို့ကားအချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့‌ကြောင်း KNDF က ထုတ်ပြန်ထားသည်။
အောက်တိုဘာလအတွင်း ကရင်နီပြည်နယ် စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီအားခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၄ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။
ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းထဲတွင် ဆုံရပ် ထားသော ထောက်ပို့ယာဉ်တန်းများ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ရန် လမ်းမကြီးအား ထိန်းချုပ်နိုင်ရေး အတွက် စစ်ကောင်စီမှ ခြေလျင်စစ်ကြောင်း(၆)ကြောင်းခန့်ဖြင့် ထိုးစစ်ဆင်နေခြင်းကြောင့် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ မာခရောရှေ၊ လောကြေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲကျေးရွာများတွင် KA ၊ KNDF တို့နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ စစ်ကောင်စီ၏ စစ်ကြောင်းများနှင့် တစ်လတာလုံး ထိတွေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ ဖရူဆိုမြို့နယ် အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းမှ ထောက်ပို့ ယာဉ်တန်း ကား ၄၀ စီးခန့်သည် အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလမ်းမကြီးအတိုင်း အပြင်းအထန် ထိုးစစ်ဆင်၍ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ခဲ့ပြီး ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်၍ ညတွင်းချင်းပင် အဆိုပါ ယာဉ်တန်းများမှာ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ယာဉ်တန်းများ ဖြတ်သန်းနိုင်ရန် လမ်းလုံခြုံရေးအဖြစ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့သလို ယာဉ်တန်းများဖြတ်သန်းသွားလာစဉ်တွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အောက်တိုဘာလအတွင်း အဆိုပါ လမ်းမကြီး တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲပေါင်း ၃၀ ကြိမ်နီးပါး ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဘောလခဲ မြို့သို့ ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်နိုင်ရန်အတွက် ဖရူဆိုမြို့နယ်အတွင်းရှိ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေး ကျောင်းဝန်း အတွင်းတွင် ဆုံရပ်ထားသော စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း ကား ၇၀ ကျော်အနက်မှ ကားအစီးရေ ၄၀ ခန့်သာ ဘောလခဲမြို့သို့ သွားရောက်နိုင်ခဲ့ပြီး ကျန်ရှိနေသော ကားအစီးရေ ၃၀ နီးပါးသည် ယခုအချိန်ထိ ထပ်မံဖြတ်သန်း၍ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
​အောက်တိုဘာလအတွင်း စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများအား လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်(၄)လုံး၊ စာသင်ကျောင်း(၁)ကျောင်း နှင့် ဆေးပေးခန်း(၁)ခု ထိခိုက်ပျက်စီးခဲ့ရကာ လက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် လူနေအိမ်(၁၃)လုံး ထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိ၍ အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ဆက်လက်ဖော်ပြထားသည်။