ကရင်နီပြည်တွင် (၁၁.၁၁)စစ်ဆင်ရေးအတွင်း လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီတပ်စခန်း ၂၀ အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

5 months ago

ဇန်နဝါရီ ၂၈
ကရင်နီပြည်တွင် (၁၁.၁၁)စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးနောက် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီတပ်စခန်း ၂၀ အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။
ကရင်နီ၊ PDF တော်လှန်ရေး ပူးပေါင်းတပ်အနေဖြင့် လွိုင်ကော်အခြေစိုက် ဒကစ အား ဝိုင်းရံ ခြိမ်းခြောက် တိုက်ခိုက်နိုင်ခဲ့သည့်အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖယ်ခုံမြို့အခြေစိုက် စကခ(၇) ၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ ကုန်းဆုံစသော ကာကင်းကုန်းစခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ တတိယပတ်တွင် ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့နှင့် ဘောလခဲမြို့ အကြားရှိ (၁၂) မိုင်ကုန်း စစ်ကောင်စီ တပ်စခန်းအား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်၍ ရှင်းလင်းရေး လုပ်ဆောင်နေပြီး ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့သလို ရှားတောမြို့အတွင်းရှိ စစ်ကောင်စီကင်းစခန်းများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့လယ်ဘုရားကုန်းပေါ်တွင် ကျန်ရှိတပ်စွဲနေသော လက်တစ်ဆုပ်စာ စစ်ကောင်စီတပ်သားများကို ရှင်းလင်း တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။
၎င်းအပြင် ဖားဆောင်းမြို့နယ် မော်ချီးဒေသ အခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်းကုန်းများအားလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိဘဲ ၄င်းတို့၏ တပ်စွဲရာနေရာများ၊ စခန်းများအားလုံးကို စွန့်ပစ် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည့်အတွက် မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။
လွိုင်ကော်မြို့တွင်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မြို့အားဝိုင်းရံပိတ်ဆို့ကာ စစ်ဆင်ရေးများ ဆင်နွှဲလျက်ရှိပြီး မြို့ဧရိယာ သုံးပုံ နှစ်ပုံကျော်အား စိုးမိုးထားနိုင်ကာ လွိုင်ကော်မြို့နယ် အခြေစိုက်တပ်ရင်းများတွင် စစ်ကောင်စီတပ်များ ဆက်လျက် တပ်စွဲထားနိုင်သော်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထောက်ပို့လမ်းကြောင်း ပြတ်တောက်သွားပြီး လေကြောင်းကိုသာ အားကိုးအားထားပြုရသည့် အခြေအနေဖြစ်နေကြောင်းလည်း ဆိုထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးဆင်နွဲ တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းနှင့် မြို့အဝင်၊ အထွက်တို့ကို စိုးမိုးနိုင်ခဲ့ကာ ဖယ်ခုံနှင့်မိုးဗြဲမြို့တို့မှ စစ်ကောင်စီတပ်များမှာမြို့ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ၄င်းတို့၏ တပ်ရင်းထဲတွင်သာ ခိုအောင်း တပ်စွဲနိုင်တော့ကြောင်းလည်း သိရသည်။
၂၀၂၃ ခုနှစ်အကုန်တွင် မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည်ရှိ မြို့နယ်အသီးသီးတွင် စစ်ရှိန်မြင့်တက်နေသည့်အပြင် ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည့်အပြင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ မြေပြင်တွင် အသာစီးရနေသဖြင့် စစ်ကောင်စီတပ်မှ လေကြောင်းကိုသာ အားထား တိုက်ခိုက်နေရသောကြောင့် ပြည်သူများ လုံခြုံရေးသတိရှိကြပါရန်လည်း ဖော်ပြထားသည်။