ကမ္မတွင် အင်အား ၇၀၀ ခန့်ပါ စစ်ကောင်စီ ရိက္ခာပို့ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိ၊ စစ်ကြောင်းမှာ ရှေ့ဆက်မသွားနိုင်သေးဟုဆို

3 months ago

မတ် ၂၉
ပခုက္ကူမြို့၊ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်မှ ထွက်ခွာလာသော အင်အား ၇၀၀ ခန့်ပါ စစ်ကောင်စီ ရိက္ခာပို့ ယာဥ်တန်းကို ကမ္မမြို့ ဂျိုးပျံရပ်အနီးတွင် တော်လှန်ရေး စုပေါင်းအင်အားစုများမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိနိုင်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်ထားသည်။
မတ် ၂၇ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် ကမ္မမြို့ (၁၂) ရပ်ကွက် (ဒေသအခေါ် ဂျိုးပျံရပ်)ကို မီးရှို့ကာ ​ထွက်ခွာလာသော အဆိုပါစစ်ကောင်စီ ရိက္ခာပို့ယာဥ်တန်းမှ နောက်ဆုံးကားသုံးစီးနှင့် စစ်ကောင်စီအင်အား ၈၀ ခန့်ပါသော အသုတ်ကို ဂျိုးပျံရပ် အနီးတွင် PLA/PDF စုပေါင်းအင်အားစုများမှ ယင်းနေ့တွင်ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုလက်ရှိတော့ အဲဒီစစ်ကြောင်းက အဲဒီနားမှာပဲ ရှိပါသေးတယ်။ စစ်ကြောင်းက ရှေ့ဆက်မတိုးနိုင်သေးဘူးလို့ ပြောပါတယ်။ ဒေသခံရဲဘော် အပြောအရ မင်းတပ်ဘက်ကို ဦးတည်တဲ့စစ်ကြောင်းလို့ ပြောပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတော့ ရှိနိုင်ပေမယ့် ဘယ်လောက် ထိခိုက်တယ်ဆိုတဲ့ စာရင်းတော့ အတိအကျ မသိရသေးဘူးခင်ဗျ” ဟု PLA မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိတွေ့တိုက်ပွဲကြာချိန်မှာ မိနစ် ၃၀ ခန့် ဖြစ်ပြီး မီတာ ၁၅၀ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိုတိုက်ပွဲတွင် အမှတ် (၈၁၅)တပ်ဖွဲ့ – ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (အနောက်မြောက်စစ်ဒေသ) ၊ ABSDF ၊ PDO/PDA ၊ မြိုင် ပကဖ အဖွဲ့များမှ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက် အကျအဆုံ:မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည် ။