ကန့်ဘလူရှိ ကျေးရွာ ခြောက်ရွာအား စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်၊ သာသနာ့အဆောက်အဦများ၊ နေအိမ်များ ပျက်စီးပြီး ပြည်သူ ရှစ်ဦး ထိခိုက်

4 months ago

ဖေဖော်ဝါရီ ၃
ကန့်ဘလူမြို့နယ်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ခြင်း‌ကြောင့် သာသနာ့ အဆောက်အဦများနှင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးပြီး သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ကန့်ဘလူမြို့နယ်အတွင်းရှိ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်နှင့် ပင့်သာတိုက်နယ်ရှိ ကျေးရွာ ခြောက်ရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်တိတိ ပြုလုပ်ခဲ့ခြင်းကြောင့်ကိုးတောင်ဘို့တိုက်နယ်၊ သင်တောရွာမှ နှစ်ထပ်ဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံ၊ စေတီနှင့် ဘုရားစင်းတုများပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း၊ သင်းတိုက်နယ် ဇီးကုန်းရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းမှာလည်း ပျက်စီးမှု အနည်းငယ်စီ ရှိခဲ့ကြောင်း၊ ကိုးတောင်ဘို့တိုက်နယ်၊ ဇော်ချောင်းရွာမှ ဘုန်းကြီးကျောင်းရှိ ဆွမ်းချက်ဆောင်နဲ့ ဇရပ်‌ကို ထိခိုက်ခဲ့ပြီး အသက် ၇၈ နှစ်အရွယ် အဘိုးတစ်ဦးနှင့် ၈၁ နှစ်အရွယ် အဘွားတစ်ဦးတို့ ထိခိုက်မိခဲ့ကြောင်း သိရသည်။
“ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးချတာ ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကျတာ‌ဗျ။ ဘုန်းကြီးက ဆွမ်းဘုဉ်းပေးနေတဲ့ အချိန်ကြီးဆိုတော့ ဘုန်းကြီး၊ ကပ္ပိယ နောက် ရွာသား တစ်ဦးနဲ့ ကျောင်းထဲ လာဆော့နေတဲ့ အသက် ၁၁ နှစ်နဲ့ ၁၃ နှစ် ကလေးရော ဆိုတော့ စုစုပေါင်း ငါးယောက်ထိတာ။ တစ်ရွာလုံး သွေးပျက်မတတ်ပဲ။ ကျောင်းမှာလူစုပြီး ပွဲလမ်းသဘင် လုပ်နေတာမျိုးလည်း မဟုတ်ဘဲ ဒီတိုင်းကြီး ပစ်ခံရတာ။ ဘုန်းကြီးကျောင်း တစ်ကျောင်းလုံး ပျက်စီးသွားတာ ရစရာကို မရှိဘူး။ ဆင်းတုတော်တွေနဲ့ စေတီတွေရော အကုန်ပျက်စီးသွားတာ။ သာသနိက အဆောက်အအုံတွေမှန်း သိသိကြီးနဲ့ ပစ်တာကျတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်”ဟု ဒေသခံတဦးက ပြော‌ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းသို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့်အတွက် ပင့်သာတိုက်နယ်အတွင်းရှိ ပင့်သာ(တည်ပင်)ရွာ၊ ညောင်ကုန်းရွာတို့မှာ ထိခိုက်ပျက်စီးမှုမရှိခဲ့သော်လည်း မကျီးကုန်းရွာမှ ပြည်သူပိုင်နေအိမ် ငါးလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲ ဘာညာမရှိဘဲ ဒီအတိုင်းကို ပစ်ချတာဗျ။ လက်ရှိမှာ ဒေသခံပြည်သူ သုံးသောင်းကနေ ငါးသောင်းကြား စစ်ရှောင်နေကြရပါတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ပင့်သာ၊ ချပ်သင်းနှင့် ကိုးထောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။