ကန့်ဘလူတွင် တော်လှန်ရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ထိခိုက်မှုများပြားခဲ့သော စစ်ကောင်စီ၏ MI-35 ရဟတ်ယာဉ် နမခသို့ မပြန်နိုင်သေး

5 months ago

တွဲဖက် ရဟတ်ယာဉ်မှူး ပေါင်ကို ကျည်ထိခဲ့ဟု သတင်းများ ထွက်ပေါ်
========
ဖေဖော်ဝါရီ ၉
ကန့်ဘလူမြို့နယ်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်‌နေသော အကြမ်းဖက် စစ်ကောင်စီ၏ MI-35 ရဟတ်ယာဉ်မှာ တော်လှန်ရေး တပ်ဖွဲ့များ၏ ပြန်လည်ပစ်ခတ်ခြင်းခံရပြီးနောက် ထိခိုက်မှု များပြားခဲ့ခြင်းကြောင့် ယခုအချိန်အထိ နမခသို့ ပြန်လည်ပျံသန်းနိုင်ခြင်း မရှိသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“အခုထိ ၆၀၀၆ မှာပဲ ရှိတာမို့လို့ ထိခိုက်မှုများတယ်လို့ ပြောလို့ရပါတယ်။ ဒီမနက် နမခက လာတဲ့ MI-17 တစီးလည်း ၆၀၀၆ ကို ဆင်းထားတယ်။ အခုထိ လှုပ်ရှားမှု မရှိသေးတော့ လေယာဉ်ပြင်မယ့် ပညာရှင်တွေ လာပို့တာလည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာအနီးအား စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ၈ ရက်နေ့တွင် အဆိုပါ MI-35 ရဟတ်ယာဉ်အား တော်လှန်ရေးတပ်ဖွဲ့များမှ M 80 ဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ MI-35 ၏ တွဲဖက် ရဟတ်ယာဉ်မှူးဖြစ်သူမှာ ပေါင်ကို ကျည်ထိမှန်ခဲ့ခြင်းကြောင့် ဆေးရုံတင်ထားရကြောင်း တော်လှန်ရေးချန်နယ်တချို့တွင်လည်း ဖော်ပြထားသည်။
“အဲဒီလို ရဟတ်ယာဉ်မှူး ထိတယ်ဆိုတာ ကြားတာပဲ ရှိတယ်ဗျ။ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၇ ရက် ည ၆ နာရီခန့်မှစ၍ ချပ်သင်းရွာအနီးရှိ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေး အင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အထိနာနေခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုများကြောင့် တော်လှန်ရေးအဖွဲ့ဝင်အချို့လည်း ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ကောင်စီတပ်၏ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှု‌များကြောင့် ချပ်သင်းရွာအနီးရှိ ပုဏ္ဏားငယ်၊ ပုဏ္ဏားကြီး၊ ကံကြီး၊ ဦးကင်းကြည်၊ တင်မော်၊ ပေါက်ဆိန်ကုန်း စသည့်ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရကာ တချို့ကျေးရွာများမှာ အမြဲစစ်ဘေးရှောင်ကျေးရွာများဖြစ်ပြီး လေကြောင်းအန္တရာယ်ကြောင့် ထပ်မံ ရှောင်‌တိမ်းနေရခြင်းဖြစ်ကြောင်း သိရသည်။