ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တနေရာတွင် အကြမ်းဖက်စစ်တပ်၏ ထောက်ပို့သင်္ဘော နှစ်စီးကို တိုက်ခိုက်သိမ်းပိုက်၊ စကစတပ်သား အနည်းဆုံး ၂၅ ဦး သေဆုံး

8 months ago

“သောင်တင်နေတဲ့ သင်္ဘောဝမ်းထဲမှာပဲ နေရတဲ့ စကစတွေက သင်္ဘောအပြင်ဘက်ကို ထွက်လိုက်၊ ကျွန်တော်တို့အဖွဲ့ရဲ့စနိုက်ပါ ငါးလက်နဲ့ မီတာနှစ်ရာအတွင်း တေ့ဖြုတ်နေတာတွေ ထိလိုက်နဲ့ စကစ ၂၀ ကျော် သေသွားတယ်။ အဲဒါကြောင့် ရန်သူ့အင်အားနည်းလာတဲ့အချိန်မှာ ၆ ရက်ည ၁၀ နာရီက ဒီသင်္ဘောနှစ်စီးကို ဝင်သိမ်းပိုက်နိုင်ခဲ့တယ်”
ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူ
===============
နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်း မြစ်ကြောင်း တနေရာတွင် အကြမ်းဖက်စစ်တပ်၏ ထောက်ပို့သင်္ဘော နှစ်စီးကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စကစတပ်သား အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူက ပြောသည်။
နိုဝင်ဘာ ၄ ရက်နေ့တွင် အကြမ်းဖက်တပ်၏ ထောက်ပို့သင်္ဘော ခုနစ်စီး ကနီမြို့မှ စုန်ဆင်းလာခဲ့ပြီး ကနီမြို့ အောက်ဘက် ချင်းတွင်းမြစ်တွင်း တနေရာတွင် အဆိုပါခုနစ်စီးထဲမှ လေးစီးက သောင်တင်သွားခဲ့ကြောင်း၊ ၎င်းထောက်ပို့သင်္ဘော ခုနစ်စီးတွင် စုစုပေါင်း ရန်သူအင်အား ၂၀၀ ဝန်းကျင်ပါသည်ဟု သိရကြောင်း၊ ၎င်းသင်္ဘောများအား တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ နှစ်ရက်ဆက်ပြီး စနိုက်ပါပစ်ခတ်မှုများဖြင့်တိုက်ခိုက်ခဲ့ရာ စကစ ၂၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် ယင်းနောက် သင်္ဘောနှစ်စီးကို နိုဝင်ဘာ ၆ ရက်ညပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၄ ရက်၊ ၅ ရက်၊ ၆ ရက်တွေမှာ သောင်တင်နေတဲ့ သင်္ဘောဝမ်းထဲမှာပဲ နေရတဲ့ စကစတွေက သင်္ဘောအပြင်ဘက်ကို ထွက်လိုက်၊ ကျွန်တော်တို့အဖွဲ့ရဲ့စနိုက်ပါ ငါးလက်နဲ့ မီတာနှစ်ရာအတွင်း တေ့ဖြုတ်နေတာတွေ ထိလိုက်နဲ့ စကစ ၂၀ ကျော် သေသွားတယ်။ အဲဒါကြောင့် ရန်သူ့အင်အားနည်းလာတဲ့အချိန်မှာ ၆ ရက်ည ၁၀ နာရီက ဒီသင်္ဘောနှစ်စီးကို ဝင်သိမ်းပိုက်နိုင်ခဲ့တယ်ဗျ။ ဒီသိမ်းပိုက်ရရှိတဲ့ အပြန်အလှန်တိုက်ခိုက်မှုအတွင်းမှာ စကစ ၅ ယောက် သေတယ်။ သေပြီး ရေထဲမျောသွားတဲ့အတွက် ညဆိုတော့ ဆယ်လို့ မရလိုက်ဘူးဖြစ်သွားတယ်။ ဘယ်နှကောင်ကျန်သလဲတော့ မသိဘူး။ သူတို့ရဲ့ ကျန်တဲ့ ထောက်ပို့သင်္ဘောတွေပေါ် ပြေးသွားတယ်ဗျ” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း ရရှိခဲ့သည့် သင်္ဘောပေါ်တွင် ဆိတ်၊ မြင်းအကောင် ၂၀ ခန့်တင်ဆောင်ထားကာ မြင်း ၃ ကောင်အရှင်သိမ်းဆည်းရရှိခဲ့ပြီး ကျန်တိရစ္ဆာန်များမှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ KLG PDFနှင့် ယင်းမာပင် ခရိုင် တပ်မဟာ၊ BLDF၊ ဒေသခံ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။