ကနီတွင် သောင်တင်နေသော စကစ ထောက်ပို့ သင်္ဘော ၇ စီးစလုံးကို ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်နိုင်ပြီဖြစ် ခြောက်ရက်ကြာ တိုက်ခိုက်မှုများအတွင်း စကစ ၃၀ ကျော်သေဆုံး

7 months ago

နိုဝင်ဘာ ၁၁
ကနီမြို့နယ် ချင်းတွင်းမြစ်ဘေး တနေရာတွင် သောင်တင်နေသော စကစ ထောက်ပို့ သင်္ဘော ၇ စီးစလုံးကို ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း KLG PDF (ကျောက်လုံးကြီး)အဖွဲ့က ထုတ်ပြန်ထားသည်။
၎င်းထောက်ပို့သင်္ဘော ၇ စီးအနက် ၂ စီးကို နိုဝင်ဘာ ၆ ရက်ညပိုင်းက သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ ကျန်သင်္ဘာများအား နိုဝင်ဘာ ၇ ရက်၊ ၈ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ပြီး ၉ ရက်နံနက် ၈ နာရီခန့်တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ အဆိုပါတိုက်ခိုက်မှုများအတွင်း စကစ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
“၆ ရက်နေ့မှာ ထောက်ပို့သင်္ဘော ၂ စီးကို ရရှိခဲ့တယ်။ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တိုက်ပွဲတွေကြောင့် အထိနာနေတဲ့ စကစတွေက သင်္ဘောကို စွန့်ခွာပြီး မုံရွာ နမခကို ထွက်ပြေးသွားကြတယ်ဗျ။ ဒီတိုက်ခိုက်မှုတွေမှာ ရဲဘော်တွေအားလုံး ဘေးကင်းကြပါတယ်” ဟု KLG PDF (ကျောက်လုံးကြီး)အဖွဲ့တာဝန်ရှိသူက ပြောသည်။
ယခု ထပ်မံသိမ်ပိုက်ရရှိသော ထောက်ပို့သင်္ဘောများပေါ်မှ ဒီဇယ်ပေပါ ၁၀၀ခန့်၊ သစ်လုံးရေ ၂၀၀ ခန့်၊ ကား. ၃ စီး၊ ဆိုင်ကယ်. ၅ စီး၊ စက်ဘီး ၁ စီးတို့ ရရှိထားကြောင်း၊ ၎င်းတိုက်ခိုက်မှုများအား ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23 KLG PDF(ကျောက်လုံးကြီး)အဖွဲ့၊ ယင်းမာပင်ခရိုင် တပ်မဟာ၊ BNRA၊ BLDF၊ ULF တပ်ပေါင်းစု၊ KGအဖွဲ့၊ ဘိုးတော်နီအဖွဲ့နှင့် ဒေသခံ ပကဖများ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့တွင် အကြမ်းဖက်တပ်၏ ထောက်ပို့သင်္ဘော ခုနစ်စီး ကနီမြို့မှ စုန်ဆင်းလာခဲ့ပြီး ကနီမြို့ အောက်ဘက် ချင်းတွင်းမြစ်တွင်း တနေရာတွင် သောင်တင်သွားခဲ့ကြောင်း၊ ၎င်းထောက်ပို့သင်္ဘော ခုနစ်စီးတွင် စုစုပေါင်း ရန်သူအင်အား ၂၀၀ ဝန်းကျင်ပါပြီး ၎င်းသင်္ဘောများအား တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ စနိုက်ပါပစ်ခတ်မှုများဖြင့် တိုက်ခိုက်ခဲ့ရာ စုစုပေါင်း စကစ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။