မန်ချက်စတာယူနိုက်တက် – ဝယ်ချင်သူတွေကို အိုးလ်ထရက်ဖို့ဒ် လာခဲ့ဖို့ ဖိတ်ကြာ

သောကြာ, မေ 5th, 2023

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ ကြိုးစားနေကြသူတွေနဲ့ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံလိုသူတွေကို လာမယ့် သီတင်း ၂ ပတ်အတွင်း အိုးလ်ထရက်ဖို့ဒ်ကို လာပြီး တွေ့ဆုံကြဖို့အတွက် အသင်း အကြီးအကဲတွေက ဖိတ်ကြားထားပြီ ဖြစ်ပါတယ်။

အဲဒီအထဲမှာ အင်းနီးယော့စ် ကုမ္ပဏီ ပိုင်ရှင် ဆာ ဂျင်မ် ရက်ကလစ်ဖ်နဲ့ ကာတာက ရှိတ်ခ် ဂျဆင်းမ် ဘင် ဟာမက်ဒ် အဲလ် သာနီ တို့လည်း ပါဝင်ကြပါတယ်။ ဂလေဇာမိသားစုက အသင်းကို လုံးလုံးလျားလျား ရောင်းချဖို့အတွက် လုပ်ရင် ဝယ်ယူနိုင်မယ့်သူတွေထဲမှာ သူတို့ ၂ ဖွဲ့က ရှေ့က ပြေးနေပါတယ်။

အခု အိုးလ်ထရက်ဖို့ဒ်ကို ဖိတ်ကြားပြီး အသင်းနဲ့ ပတ်သက်တာတွေကို ပြသတင်ပြကြမယ့် အထဲမှာ အသင်းဝင်ငွေတိုးဖို့ ဘယ်လို ဘယ်ပုံ လုပ်နိုင်ကြမလဲ ဆိုတာတွေလည်း ပါဝင်ပါတယ်။

ရက်ကလစ်ဖ် အဖွဲ့က ဒီသီတင်းပတ် ကုန်ပိုင်းမှာ လာရောက်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၇၀ ရှိပြီ ဖြစ်တဲ့ ဗြိတိသျှ ဘီလျံနာ သူဌေးကြီး ကိုယ်တိုင်လာမလား ဆိုတာတော့ မသိရသေးပါဘူး။ ရှိတ်ခ် ဂျဆင်းမ်ရဲ့ အဖွဲ့ကလည်း လာမယ့် သီတင်းပတ်ထဲမှာ ရောက်လာကြမှာ ဖြစ်ပါတယ်။

နောက်ထပ် အသင်းကို ဝယ်ယူဖို့ ထပ်ပြီး ကမ်းလှမ်းလာတဲ့ အဖွဲ့တွေ ရှိသေးလား ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့် ယူနိုက်တက်မှာ တစိတ်တပိုင်း ရင်းနှီးမြှုပ်နှံလိုတယ်လို့ ပြောလာတဲ့ အဖွဲ့တွေတော့ ရှိပါတယ်။

နောက်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ အဲလ်လိယက် ဂရု ဆိုတဲ့ အဖွဲ့ကလည်း အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းသူတွေကိုသာမကဘဲ တကယ်လို့သာ ဂလေဇာမိသားစု စိတ်ပြောင်းပြီး ရင်းနှီးမြှုပ်နှံမှု အသစ်တွေပဲ ထပ်ထည့်မယ် ဆိုရင်ရော ငွေထုတ်ပေးမယ်ဆိုပြီး ပြောထားပါတယ်။

သိသင့် သိထိုက်တာတွေကို တင်ပြပြီးတဲ့ အခါမှာ အခု အရောင်းအဝယ်ကိစ္စကို ကိုင်တွယ်နေတဲ့ ရိန်း ဂရုက နောက်ထပ် ကမ်းလှမ်းမှုအသစ်တွေ ထပ်တင်ပြကြဖို့ တောင်းဆိုလာနိုင်ပါတယ်။ ကနဦး ကမ်းလှမ်းချက်တွေက ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း အဆိုပြုတဲ့ သဘောမျိုးသာ ဖြစ်ပါတယ်။

ကလပ်အသင်းဘက်က အသင်းသားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ စာချုပ်တွေနဲ့ စပွန်ဆာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ဝယ်ယူလိုသူတွေ အပြည့်အဝ လေ့လာနိုင်ဖို့ ခွင့်ပြုထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့စိတ်ဝင်စားတဲ့ သူတွေ ကမ်းလှမ်းဖို့ အတွက် သတ်မှတ်ထားပေးတဲ့ နောက်ဆုံးရက်ကို ကျော်လွန်ခဲ့တာ သီတင်း ၃ ပတ်လောက် ရှိနေပြီ ဖြစ်ပါတယ်။ အခုအချိန်ကစပြီး ဒီအရောင်းအဝယ်ကိစ္စတွေက အရှိန်ပိုရလာနိုင်ပါတယ်။ ဒါပေမယ့် အရင်က ရည်မှန်းထားသလို မတ်လကုန်ပိုင်းမှာ အရောင်းအဝယ် ဖြစ်ဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။

ဂလေဇာမိသားစုဘက်က ဘာလုပ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ခုထက်ထိ ကွဲပြားသေချာစွာ မသိရသေးပါဘူး။ ယူနိုက်တက်ရဲ့ တွဲဘက် ဥက္ကဋ္ဌ ဂျိုးလ် နဲ့ အဲဗရမ် ဂလေဇာတို့က အသင်းရဲ့ တစိတ်တပိုင်း ကိုဆက်ပြီး ကိုင်ထားချင်နေကြပေမယ့် အသင်း ဒါရိုက်တာတွေ အဖြစ် နေရာယူထားကြတဲ့ ကျန် မွေးချင်း ၄ ယောက်ကတော့ ဒီလို မလုပ်ချင်ကြဘူးလို့ ဆိုပါတယ်။

Top News

No Post Found