ထိုင်း တောဝက်ဘောလုံးအသင်းက လူငယ်ဘောလုံးသမား ဒွန် ဗြိတိန်မှာ သေဆုံး

သောကြာ, မေ 5th, 2023

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်ထဲက ထမ့်လွန်နန့်နွန်ဂူထဲ ပိတ်မိရာကနေ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းအဖွဲ့ဝင်တွေထဲက နွန်ဒွန်ဆိုတဲ့လူငယ်ဟာ ဗြိတိန်နိုင်ငံမှာ ကွယ်လွန်သွားပြီလို့ ကနဦး သိရှိရပါတယ်။

အဲဒီလူငယ်သေဆုံးတယ်ဆိုတဲ့သတင်းကို သူ့ကို ပညာသင်ဆုချီးမြှင့်ခဲ့တဲ့ ဇီကို ဖောင်ဒေးရှင်းအဖွဲ့ကနေ အစောပိုင်းတုန်းက သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

အသက် ၁၇ နှစ်အရွယ် နွန်ဒွန်ဟာ ဦးခေါင်းကို ထိခိုက်မိတဲ့ မတော်တဆမှုနဲ့ သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဆောင်မှာ သတိမေ့နေတဲ့သူ့ကို တနင်္ဂနွေနေ့တုန်းက ဆေးရုံပို့ခဲ့ပြီးတဲ့နောက် ဆေးရုံမှာပဲ မနေ့ ဖေဖော်ဝါရီလ ၁၄ ရက်မှာသေဆုံးခဲ့တာလို့ သူ့မိသားစုနဲ့နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကစလို့ လက်စတာရှိုင်းအရပ်က ဘရွတ်ဟောက်စ် ကောလိပ် ဘောလုံးသင်တန်းကျောင်းမှာ တက်ရောက်နေတာဖြစ်ပါတယ်။

သူဟာ ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ဗြိတိန်မှာရှိတဲ့ ဘောလုံးသင်တန်းကျောင်းကို ဝင်ခွင့်ရတုန်းက ‘’ကျွန်တော့် အိပ်မက် တကယ်ဖြစ်လာပါပြီ’’ လို့ သူ့ရဲ့ လူမှုကွန်ရက် အင်စတာဂရမ်အကောင့်မှာ ရေးသားခဲ့ပါသေးတာကြောင့် သူ့ သူအသင်းဖော်တွေဆီလည်း အပျော်တွေ ကူးစက်ခဲ့ပါတယ်။

အခုတော့ ၆ လကျော်ကျော်လေးမှာပဲ သူ့အသင်းဖော်တွေဟာ ဒွန်ကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေကြရပါပြီ။

ဒွန်သေဆုံးမှု သတင်းဟာ သူ့ဇာတိမြို့ ချင်းရိုင်က သူတို့အသင်းသားတွေ မကြာခဏသွားလေ့ရှိတဲ့ ဒိုင်ဝေါင်ဘုန်းကြီးကျောင်းကို သူ့ရဲ့မိခင်ဖြစ်သူက အကြောင်းကြားခဲ့ပါတယ်။

‘ဒွန် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေ’’လို့ အဲဒီဘုန်းကြီးကျောင်းက ဖေ့ဘွတ်ခ် လူမှုကွန်ရက်ပေါ် တင်ပြီး ဆုတောင်းခဲ့ပြီးနောက်မှာပဲ သူ့ရဲ့ အသင်းသားတွေကလည်း ဆုတောင်းစာတွေ ရေးလာကြပါတယ်။

‘နိုင်ငံ့အသင်းအတွက် ကစားမယ့်နေ့ကို စောင့်ကြည့်ဖို့ ငါ့ကို မင်းပြောခဲ့တယ်။ အဲဒီအချိန်အထိ မင်းရှိဦးမှာလို့ ယုံထားခဲ့တာ’’ ဆိုပြီး ဒွန်နဲ့အတူ ၂၀၁၈ ခုနှစ်မှာ ဂူထဲကနေ ကယ်ဆယ်ခံခဲ့ရသူ တစ်ဦးဖြစ်တဲ့ ပရာချက် ဆူသမ်က ရေးပါတယ်။

‘မင်း အင်္ဂလန်ကို မသွားခင် ငါတို့ နောက်ဆုံး ဆုံတုန်းက မင်း ပြန်လာတဲ့အခါ ငါ (ပရိသတ်)အနေနဲ့ မင်းရဲ့လက်မှတ်တောင် တောင်းရလိမ့်မယ်ဆိုပြီး အရွှန်းဖောက် ပြောခဲ့သေးတယ်။ အခုတော့ ကောင်းရာမွန်ရာမှာ နားပါတော့။ ငါတို့ အားလုံးဟာ အမြဲတမ်း ၁၃ ယောက်ဖြစ်နေမှာပါ’’လို့ သူ့ရဲ့နောက်ထပ် အသင်းဖော် တစ်ဦးကလည်း ပြောပါတယ်။

နွန်ဒွန်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ မိုးကြီးရေလျှံလို့ ထမ့်လွန်နန့်နွန်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းကစားသမား ကလေး ၁၂ ယောက် နဲ့ နည်းပြ ၁ ဦး စုစုပေါင်း ၁၃ ဦးထဲက ၁ ဦးဖြစ်ပါတယ်။

တောဝက် ဘောလုံးအသင်းသား ၁၂ ယောက်နဲ့ သူတို့ နည်းပြတို့ကို သီတင်း ၂ ပတ်ကျော်ကြာမှာ ဂူထဲကနေ ပြန်ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြဖြစ်သူ အေကဖွန်း ဟာ ရှမ်းပြည်နယ် တာချီလိတ်မြို့ မှာနေထိုင်သူဖြစ်ပြီး တောဝက်အသင်းသားထဲက အိုက်လူးခေါ် အိုက်ဒွန်းဆိုတဲ့လူငယ်ဟာ ဝ တိုင်းရင်းသားဖြစ်ပါတယ်။

၁၈ ရက်နီးပါးအကြာမှာ သူတို့ကို ကယ်ဆယ်ရေးအဖွဲ့တွေက ခက်ခက်ခဲခဲနဲ့ အသက်ရှင်လျှက် ကယ်ထုတ်ခဲ့ရပြီး သူတို့ကို ကယ်ဆယ်မှုဟာ ကမ္ဘာကျော်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

Top News

No Post Found