ဟိုပင်မြို့တွင် အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးမုဒိန်းကျင့်သတ်ဖြတ်ခံရ၊ ခင်ပွန်းဖြစ်သူကိုပါ ဓားဖြင့်ထိုးသတ်ခဲ့ (ဟိုပင်၊ ဇွန် ၁၆)

12 months ago

ကချင်ပြည်နယ် ဟိုပင်မြို့တွင် အိမ်ထောင်ရှိအမျိုးသမီးတစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရကာ ခင်ပွန်းဖြစ်သူကိုပါ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း‌ဇွန်လ ၁၆ရက်က လူမှုကူညီရေးအဖွဲ့အစည်းများထံမှ သိရသည်။
အဆိုပါ သေဆုံးသူများသည် တောင်ယာလုပ်ကိုင်စားသောက်သူများဖြစ်ပြီး အမျိုးသားမှာ အသက် ၃၅နှစ်နှင့် အမျိုးသမီးဖြစ်သူမှာ အသက် ၃၄နှစ်ရှိပြီဖြစ်ကြောင်း၊ ဇွန်လ ၁၃ ရက်နေ့က တောင်ယာလုပ်ကိုင်ရန် သွားရောက်ပြီးနောက် နေအိမ်သို့ ပြန်လာခြင်းမရှိသည့်အတွက် လိုက်လံရှာဖွေခဲ့ကြကြောင်း၊ သေဆုံးသူများအား ၎င်းတို့ပိုင်တောင်ယာခင်းတွင် ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြန်တွေ့တာကတော့ သူတို့ရဲ့တောင်ယာထဲမှာပဲ တွေ့တာ။ အမျိုးသမီးကတော့ မုဒိန်းကျင့်ခံရတဲ့ ပုံစံမျိုးနဲ့‌တွေ့ရတယ်။ သူ့ရဲ့အမျိုးသားကိုလည်း သူရဲ့ဘေးမှာပဲ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတာ” ဟု ကချင်ပြည်နယ် ဟိုပင်မြို့နယ်ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အသတ်ခံသည့် ဇနီးမောင်နှံတွင် အသက် နှစ်နှစ်အရွယ်နှင့် ခြောက်နှစ်အရွယ်ကလေးနှစ်ဦးကျန်ရှိခဲ့ကြောင်းနှင့် ကျူးလွန်သူများအား မသိရသေးကြောင်းသိရသည်။
ဂျင်
(ပုံစာ- အသတ်ခံခဲ့ရသည့် ဇနီးမောင်နှံ)