ယခုနှစ် ခြောက်လအတွင်း သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံရသောနိုင်ငံရေး အကျဥ်းသားပေါင်း ၆၉ ဦးရှိ (ရန်ကုန်၊ ဇွန် ၁၅ )

12 months ago

စစ်အုပ်စုက အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် ယခုနှစ် ခြောက်လအတွင်း၌ သေဒဏ်နှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းခံချမှတ်ခံရသူပေါင်း ၆၉ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူများထဲတွင် အမျိုးသမီး (၇) ဦးနှင့် အမျိုးသား (၄၇) ဦး စုစုပေါင်း (၅၄) ဦးနှင့်သေဒဏ်ချမှတ်ခံထားရသူထဲတွင် အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၁၁) ဦး စုစုပေါင်း (၁၅) ဦးတို့ပါဝင်ကြောင်း သိရသည်။
လတ်တလောတွင် နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိလာသည့်အပြင် စစ်ခုံရုံးများက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူပေါင်း (၄၂) ဦးအထိရှိ၍ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၇) ဦးအထိရှိလာပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လဒုတိယပတ်အထိ AAPP က နိုင်ငံတဝန်း၌ ကောက်ယူထားသော သတင်းအချက်အလက်များအရ သေဒဏ်နှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းခံချမှတ်ခံရသူများ အပါအဝင် စစ်ကောင်စီ၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ အမျိုးသမီး (၁၀၈) ဦး၊ အမျိုးသား (၆၂၀) ဦးနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူ (၂) ဦး စုစုပေါင်း (၇၃၀) ဦးအထိရှိနေသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မေမြို့အိမ်စားသောက်ဆိုင်ပိုင်ရှင်၊ ပရဟိတသမား မပိုပြည့်သူကို ပြင်ဦးလွင်ခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၅ နှစ် ထပ်မံချမှတ်ခဲ့၍ သူမသည် လတ်တလောတွင် စုစုပေါင်း ထောင်ဒဏ် ၄၃ နှစ်ကျော် ချမှတ်ခံထားရသည်။
လက်ရှိအချိန်အထိ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၆၅၉) ဦး အထိရှိပြီး ၁၉၀၀၁ ဦးမှာ အကျဉ်းထောင်အသီးသီး၌ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP က ဆိုထားသည်။
မောင်ထွန်းငယ်