မြဝတီ-ရန်ကုန် အာရှလမ်းပိုင်းတွင် အကြမ်းဖက်စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များက အနုကြမ်းစီးမှုများပြုလုပ်နေ (မြဝတီ၊ ဇွန် ၁၅)

Thursday, June 15th, 2023

လုံခြုံရေးကို အကြောင်းပြပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြဝတီ-ရန်ကုန် အာရှလမ်းပိုင်းတွင် သွားလာနေသော မော်တော်ယာဉ်များအား အနုကြမ်းစီးငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်း အဆိုပါ လမ်းကြောင်းအသုံးပြုနေသူများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ လမ်းကြောင်းတွင် ယခင်က လမ်းကြောင်းအနုကြမ်းစီးများ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ငွေကြေးပေးဆောင်ရခြင်းမရှိသော်လည်း အာဏာသိမ်းပြီးသည့်နောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများအပါအဝင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့များက မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းကောက်ခံခြင်း၊ တင်ဆောင်လာသည့် ပစ္စည်းများအပေါ်မူတည်၍ ငွေကြေးတောင်းခံခြင်းနှင့် တင်ဆောင်လာသည့် ပစ္စည်းများကိုပါ တောင်းခံခြင်းများလည်းရှိနေသည်ဟုဆိုသည်။
” အခုက ရန်ကုန်ကနေ-မြဝတီ သွားဖို့ဆိုရင် ဂိတ်တွေက အဆင့်ဆင့် ပေးရတယ်။ အနည်းဆုံးက တစ်ဂိတ်ကို တစ်သောင်းခွဲပေးရတယ်။ မပေးဘူးဆိုရင် ကားရပ်ပြီးတော့ ဆင်းခိုင်းတယ်။ စစ်တာဆေးတာလုပ်တယ်။ မသင်္ကာရင် ဖုန်းတွေဘာတွေစစ်ပြီးတော့ နှိပ်စက်ညှင်းပန်းတာတွေလုပ်တယ်။ ညဘက်တွေဆိုရင် ဆီဆိုင်တွေမှာ ညအိပ်တဲ့ကားတွေကို ဧည့်စာရင်းအကြောင်းပြလိုက်စစ်တယ်။ သူတို့မသင်္ကာတဲ့သူတွေဆိုရင် နိုပ်စက်ညှင်းပန်းတာတွေလုပ်တယ်။ ပြီးရင် ငွေတောင်းပြီးတော့မှ ပြန်လွှတ်ပေးတာတွေလည်းရှိတယ်”ဟု အဆိုပါလမ်းကြောင်းအားအသုံးပြုနေသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။
မြဝတီ-အာရှလမ်းမကြီးသည် ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လာသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အများဆုံးသွားလာရာ လမ်းကြောင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါအလုပ်သမားများထံမှ ငွေညှစ်မှုများလည်းရှိကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ ရွှေ့ပြောင်း မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
” အဓိကတော့ မှတ်ပုံတင်တွေကို စစ်တယ်။ မှတ်ပုံတင်ထဲမှာ စစ်ကိုင်းတို့၊ မကွေးတို့ ပါနေရင်သူတို့ နှစ်သိန်း ၊ သုံးသိန်းတောင်းတယ်။ မပေးရင် စစ်တာဆေးတာတွေလုပ်တယ်။ ဖားခုန်ခိုင်းတာတို့၊ နားရွက်ဆွဲပြီး ထိုင်ထလုပ်ခိုင်းတာတို့၊ သူတို့စိတ်မကြည်တဲ့သူဆိုရင် ခြေထောက်နဲ့ကန်ကျောက်တာတွေလုပ်တယ်။ ပြီးတော့ အိတ်တွေဘာတွေစစ်တယ်။ ငွေထုတ်ပါလာတာမြင်ရင် စစ်သား နှစ်ယောက်၊ သုံးယောက်က ဝိုင်းလာပြီးတော့ ငွေတောင်းတာတွေရှိတယ်”ဟု ထိုင်းနိုင်ငံမှပြန်လာသောမြန်မာအလုပ်သမားတစ်ဦးက ၎င်း၏ ကိုယ်တွေ့ဖြစ်ရပ်အား ပြန်လည်ပြောသည်။
ဂျင်
(ပုံစာ- မြဝတီ-ရန်ကုန် အာရှလမ်းမကြီး တနေရာတွင် သွားလာနေသော မော်တော်ယာဉ်တချို့အား တွေ့ရစဉ်….။)