မိုးဗြဲတွင် အကြမ်းဖက်စစ်ကောင်စီက ဒေသခံ ၂၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ နိုင်ငံတကာက အရေးယူပေးဖို့ NUG ထုတ်ပြန်တောင်းဆို (မိုးဗြဲ၊ ဇွန် ၁၅)

Thursday, June 15th, 2023

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်ရှိ ဒေသခံရွာသား ၂၆ ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက် အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံတကာက အရေးယူပေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်တောင်းဆိုလိုက်သည်။
ရွာသား ၁၄ ဦးမှာ ဇွန်လ ၆ ရက်မှ ၈ ရက်အတွင်း မိုးဗြဲမြို့၊ စေတီတော်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မညှာမတာ၊ အစုလိုက်အပြုံလိုက် ပစ်သတ်ခြင်းခံခဲ့ရပြီး တချိန်တည်းမှာပင် မိုးဗြဲမြို့အနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က မော်တာနှင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ၁၂ ဦး ထပ်မံ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ဇွန်လ ၁၄ ရက်တွင် NUG က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ကစပြီး ဇွန်လ ၁၂ ရက်နေ့အထိ မိုးဗြဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အရပ်သားခြောက်ဦး၏ ရုပ်အလောင်းများကို ရှမ်းရွာသားများက ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ် ငါးဦး၏ ရုပ် အလောင်းများကိုမူ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ အပစ်ခံရမည့်အန္တရာယ်များကြောင့် ပြန်လည်ယူဆောင်၍ မရရှိသေးကြောင်း သိရသည်။
သေဆုံးသူတစ်ဦး စေတီတော်ဝန်းအတွင်း၌လဲကျစဉ် ဦးခေါင်းကို သေနတ်နှင့် ပစ်သတ်ခံရသည်ကို ဒရုန်း ဗီဒီယိုဖိုင်တွင် မြင်တွေ့ရပြီး နောက်ထပ်သေဆုံးသူ သုံးဦးမှာ ၎င်းတို့အား ဒူးထောက်ခိုင်းကာ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရုပ်အလောင်းများ၏ပုံစံအနေအထားများအရ တွေ့ရသည်ဟု ဖော်ပြထားသည်။
ယင်းကဲ့သို့ လူများအစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက်စက်ကြမ်း ကြုတ်သော ရာဇ၀တ်မှုများအတွက် တာဝန်ခံရမည်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းများ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်သူများအား တရားမျှတမှုရှိစေရန် ဆောင်ရွက်ပေးဖို့လည်း NUG က တောင်းဆိုထားသည်။
NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၈ဝ ကျော် ကျူးလွန်ခဲ့ပြီး လူပေါင်း ၁ဝ၅၈ဦး သေဆုံးခဲ့ကြောင်း သိရသည်။
(ပုံဟောင်း -အကြမ်းဖက်စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့် မိုးဗြဲအနောက်ခြမ်းတစ်နေရာ/PKPF)