မယ်စဲ့တွင် တိုက်ပွဲဖြစ်နေ၍ ထိုင်းနိုင်ငံအတွင်းသို့ ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ (ကရင်နီ၊ ဇွန် ၁၅)

12 months ago

ကယား(ကရင်နီပြည်နယ်)၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်စဲ့မြို့နယ်အတွင်း ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF အပါအဝင် ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် ဒေသခံ ၃၀၀၀ ကျော်သည် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့၌ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်း ၃ နှင့် မယ်စဲ့ ရဲစခန်းတို့ကို တော်လှန်ရေးအင်အားစုများ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မယ်စဲ့ နှင့် ဖားဆောင်းမြို့နယ်တို့တွင် ယနေ့အချိန်အထိ ထိုဒေသများ တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံများက ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
May be an image of 10 people
“ကျွန်တော်တို့ ခန့်မှန်းထားချက်အရ ဒေသခံက ၃၀၀ဝ ကျော်လောက်ရှိတယ်။ အရင်ကတော့ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းမှာပဲ ခိုလှုံနေကြတာပေါ့။ အခုကတော့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အခြေအနေပေါ့” ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်အရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ယခုထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ဒီမော့ဆို့၊ ဖရူဆို နှင့် ဘော်လခဲ မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေ၍ မယ်စဲ့မြို့နယ်အတွင်း၌ ထွက်ပြေးခိုလှုံနေကြရသူများလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ ” အခုက အခက်အခဲဖြစ်တာက သူတို့စားနပ်ရိက္ခာပဲပေါ့။ စစ်ဘေးရှောင်အရေအတွက်က ပိုပိုတိုးနေတာလေ ” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်း ၃ ခုဖြစ်သော တောင်လှ၊ မယ်တနွယ် နှင့် BP 14 စခန်းတို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မောင်းပြန်သေနတ် ၄၀ ခန့် နှင့် ၁၂၀ မမ လက်နက်ကြီး တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီပြည်နယ် စစ်ဖက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း ရှေ့တန်းစခန်း ၃ ခုစလုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး တော်လှန်ရေးအင်အားစုများ ပြန်လည်ဆုတ်ခွာခဲ့ရလမ်းကြောင်း တချို့ကို အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းမှ လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း ကရင်နီဒေသရှိ သတင်းရင်းမြစ်တဦးက Spring of Burma (SOB) သို့ ပြောသည်။
၎င်းက ဆက်လက်၍ ” အခုကတော့ ဆက်သွယ်ရေးအခက်အခဲတချို့ဖြစ်နေတော့ အကျအဆုံးစာရင်းတွေ သေချာမသိရသေးဘူး။ စစ်ကောင်စီက ကျွန်တော်တို့တပ်ဖွဲ့တွေ ပြန်ဆုတ်တဲ့ လမ်းကြောင်းတွေကို လေကြောင်းကနေ လိုက်ပစ်နေတယ် ” ဟု ဆိုသည်။
ယခု တိုက်ပွဲများသည် အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစစ်စခန်းများကို KA အပါအဝင် ပူးပေါင်းတပ်ဖွဲ့များကဘက်က ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းလည်းဖြစ်သလို ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီဖွဲ့ ဖွဲ့စည်းပြီးနောက် ဖြစ်ပေါ်လာသော စခန်းသိမ်းတိုက်ပွဲများလည်း ဖြစ်သည်။
မယ်စဲ့ရဲစခန်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းကုန်းများကို ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခြင်းကို အတည်ပြုသော်လည်း လတ်တလောအခြေအနေအရ စစ်ရေးသတင်းများကို အသေးစိတ်ပြောဆို၍ မရသေးကြောင်း KNDF ၏ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောဆိုသည်။
” တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ မှန်ကန်ပါတယ်။ ဒီတိုက်ပွဲမှာ KNDF က ပါတယ်ဆိုပေမဲ့ သက်ဆိုင်ရာ EAO တွေရဲ့ ဦးဆောင်မှုနဲ့ သွားတာဖြစ်တဲ့အတွက် သူတို့ဘက်က ထုတ်ပြန်လာပါလိမ့်မယ် ” ဟု ၎င်းက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလမှစ၍ ကရင်နီပြည်နယ်အတွင်းရှိ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သော်လည်း ကရင်နီပူးပေါင်းတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်များကြောင့် တပ်ရင်းမှူးအဆင့် အရာရှိများ အပါအဝင် ထိခိုက်အကျအဆုံးများပြားနေလျက်ရှိသည်။
နှစ်နှစ်တာကာလအတွင်း၌ ကရင်နီပြည်နယ်တွင် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားပေါင်း ၁၀၆၅ ဦးကျဆုံးခဲ့ပြီး ၄၁ ဦးကို အရှင်ဖမ်းဆီးမှုများလည်း ရှိခဲ့သည့်အပြင် ရှေ့တန်းစခန်း (၁၀) ခု နှင့် စစ်ဆေးဂိတ်တချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF )က မေလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်ကနေ့လည်း ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ရှိ စစ်ကောင်စီ တပ်စခန်းများကို (KNLA) တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ၁ သောင်းကျော်တို့သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
မောင်ထွန်းငယ်
Photo ; AEC ASEAN News