မန္တလေးက ရွှေဆိုင်တချို့ စစ်ဆေးခံရပြီးနောက် ရွှေစျေး ကျပ် ၃၁ သိန်းကျော်လာ (ရန်ကုန်၊ ဇွန် ၁၅)

Thursday, June 15th, 2023

ပြည်တွင်းရွှေစျေးနှုန်း မြင့်တက်လာခြင်းကြောင့် မန္တလေးတိုင်းရှိ အောင်သမာဓိ နှင့် အကယ်ဒမီ အစရှိသော နာမည်ကြီး ရွှေဆိုင်တချို့မှ ရွှေလုပ်ငန်းရှင်များကို အကြမ်းဖက်စစ်ကောင်စီက ခေါ်ယူစစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၁ သိန်း ၃ သောင်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့လသာလမ်းရှိ ရွှေဆိုင်ပိုင်ရှင်တဦးက ” အဓိကက ရွှေစျေး သိန်း ၃၀ ကျော်လာလို့ ရွှေဆိုင်တွေကို စစ်ဆေးမေးမြန်းတော့ လန့်ပြီး စျေးက ပိုတက်ကုန်တာ။ ဒီနေ့ဆို ရွှေဆိုင်တချို့တောင် ပိတ်ထားရတယ်။ စျေးဖွင့်တာလည်း နောက်ကျတယ်” ဟု ပြောသည်။
လတ်တလောတွင် ပြည်တွင်းဒေါ်လာစျေးနှုန်းသည်လည်း ပြီးခဲ့သည့်လကုန်ပိုင်းမှ စတင်ကာ ၁ ဒေါ်လာလျှင် ကျပ် ၂၉၇၀ မှ ကျပ် ၃၀၀၀ အထိ ပြန်လည်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။
အထက်ပါ ရွှေလုပ်ငန်းရှင်က ” ကမ္ဘာ့ရွှေစျေးက ဒီရက်ပိုင်းထဲ ပြန်တောင်ကျနေတာ။ အမှန်ဆို ရွှေစျေးကလည်း လိုက်ကျရမှာ။ ဒါပေမယ့် ဒေါ်လာစျေးကလည်း ဆက်တက်၊ တဖက်မှာကလည်း ဖမ်းမယ်ဆီးမယ်ဆိုတော့ ရွှေစျေးက ပိုမြင့်နေတာ” ဟု ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်၌ ပြည်တွင်းရွှေစျေးနှုန်းသည် ကျပ်သိန်း ၃၀ ကျော်ဝန်းကျင်သာ ရှိခဲ့ရာမှ ယခု နှစ်ရက်အတွင်း ကျပ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကမူ ယနေ့(ဇွန် ၁၅ရက်) ရွှေစျေးကွက်အပိတ်စျေးနှုန်းကို ကျပ် ၂၂ သိန်း ၇ သောင်းကျော်ဖြင့် စျေးကွက်ပိတ်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြည်တွင်းရွှေစျေးနှုန်း နှင့် ဒေါ်လာလဲလှယ်နှုန်းများ၏ စျေးသတ်မှတ်ချက်များကို လိုက်လံကန့်သတ်ထားလျက်ရှိပြီး လတ်တလောတွင် ပြည်တွင်းရွှေစျေးနှုန်းကို ကျပ်သိန်း ၃၀ ထက်ပိုမရောက်စေရန် ရွှေလုပ်ငန်းရှင်များကို ဖိအားနေလျက်ရှိသည်။
မောင်ထွန်းငယ်
ဓာတ်ပုံ – Shwe Sin FB Page