စစ်အာဏာသိမ်းယူပြီး နှစ်နှစ်ကာလအတွင်း အခြေခံအလုပ်သမားအခွင့်အရေးများ ပိုမိုဆုံးရှုံးလာ (ရန်ကုန်၊ ဇွန် ၁၆)

Friday, June 16th, 2023

စစ်အာဏာသိမ်းယူပြီးသည့်နောက် နှစ်နှစ်ကာလအတွင်း အခြေခံ အလုပ်သမားအခွင့်အရေးများ ပိုမိုဆုံးရှုံးလာကြောင်း ပြည်တွင်းအလုပ်သမားအရေးကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
ယခင်က အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းနိုင်ခွင့်အပါအဝင် အလုပ်သမားများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်မှု ၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်နိုင်မှုနှင့် အလုပ်သမားအရေးကူညီဆောင်ရွက်သူများ များပြားခဲ့သော်လည်း လက်ရှိတွင် အလုပ်သမားတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းအပါအဝင် အလုပ်သမားသမဂ္ဂဖွဲ့စည်းမှုများကို ဖျက်သိမ်းလိုက်ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။
“အလုပ်သမားအခွင့်အရေးက ဒီစစ်အာဏာရှင်လက်ထက်မှာ ပိုပြီးတော့ ဆုံးရှုံးလာတယ်။ ပြည်တွင်းက အလုပ်သမားသမဂ္ဂတွေဆိုတာ မရှိတော့ဘူး။ ရှိနေတဲ့အဖွဲ့တွေကိုတောင် စစ်တပ်နဲ့ ထောက်လှမ်းရေးက လိုက်ဖမ်းလို့ ပြေးနေရတာရှိတယ်။ အဲဒီတော့ အလုပ်သမားအရေး ကူညီမယ့်သူဆိုတာမရှိတော့ဘူး “ဟု လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားအရေးကူညီရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ အလုပ်သမားအခွင့်အရေးကူညီဆောင်ရွက်ပေးသူနည်းပါးလာခြင်းအပေါ်တွင် အခွင့်ကောင်းယူ၍ အလုပ်ရှင်များသည်အလုပ်သမားအခွင့်အရေးများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လာကြောင်းဆိုသည်။
” အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေမရှိတော့ဘူးဆိုကတည်းက အလုပ်ရှင်တွေက အလုပ်သမားအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်လာကြတာ။ မီးဖွားခွင့်တွေဆိုရင် အပြည့်အဝမရတော့ဘူး။ ကုန်ဈေးနှုန်းတက်လို့ လစာလေးတိုးတောင်းရင်တောင် မပေးနိုင်ဘူး။ မင်းတို့သတ္တိရှိရင် ဆန္ဒပြ၊ ရဲခေါ်ပြီး မင်းတို့ကို ဖမ်းခိုင်းမယ်ဆိုပြီးတော့ ပြောတာမျိုးအထိရှိတယ်”ဟု ဒဂုံအရှေ့မြို့နယ်ရှိ အလုပ်သမားအရေးကူညီရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြမှုများတွင် အလုပ်သမားအရေးကူညီဆောင်ရွက်သူများက အနယ်နယ်အရပ်ရပ်ရှိ အလုပ်သမားများကို စုစည်းကာ ပါဝင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည့်အပေါ်တွင် စစ်ခေါင်းဆောင်များက မကျေနပ်၍ အလုပ်သမားအရေးကူညီဆောင်ရွက်သူများကို ဖိနှိပ်လျက်ရှိနေခြင်းဖြစ်ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူများက ဆိုသည်။
ဂျင်